ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ငါန်းဇွန်    ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ် အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်၊ ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့မဇုံ၊ မြို့သာဇုံ၊ ငါန်းမြာဇုံ၊ ခြင်္သေ့လက်ဇုံ၊ သားကျင်ဇုံ၊ ဂျိုဇုံ၊ သံဘိုဇုံ၊ ရေလည်သောင်ဇုံနှင့် ကုလားရွာဇုံ မြို့နယ်အတွင်း ဇုံ (၉) ဇုံမှ အသက် (၁၈) နှစ် နှင့်အထက် စတုတ္ထအသုတ် ဒုတိယအကြိမ် (၆၇) ဦး၊ ပဉ္စမအသုတ် ဒုတိယအကြိမ် (၄၃) ဦးနှင့် ဆမအသုတ် ပထမအကြိမ် (၃၃၀) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေး လျက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ငါန်းဇွန်မြို့နယ်တွင် ဒီဇင်ဘာ ၁၄ရက်နေ့မှ ဇန်နဝါရီ ၂၆ရက်နေ့အထိ စတုတ္ထအသုတ် ဒုတိယအကြိမ် (၁၂၉၁) ဦး၊ ဇန်နဝါရီ ၁၃ရက် နေ့မှ ၂၆ရက် နေ့အထိ ပဉ္စမအသုတ် ဒုတိယအကြိမ် (၂၀၂၉)ဦးနှင့် ဆမအသုတ် ပထမအကြိမ် (၁၈၀၄)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သိရသည်။           

သက်နောင်ဦး(ငါန်းဇွန်)