ပြင်ဦးလွင် ဇန်နဝါရီ ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇) ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးမှ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ မှုလအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှု ရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်အကြား၊ အသက် (၁၈)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်း မရှိသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများကို မိမိဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် (၃-၅-၂၀၂၁) ရက်နေ့မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ စီမံချက်ကာလ သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ပေးခဲ့ပြီး တာဝန်ရှိသူများက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇)ရှိ ပြည်သူ (၉၄) ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)