မြစ်သားမြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပ

မြစ်သား         ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး  မြစ်သားမြို့နယ်  အခြေခံပညာအထက်တန်းကျောင်းတွင်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများကျင်းပြုလုပ်ရာတွင် စာစီစာကုံးပြိုင်ပွဲ၌   ပြိုင်ပွဲဝင် ကျောင်းသား/သူ (၁၃)ဦးဖြင့် ပြည်ထောင်စုစိတ်ဓာတ်နှင့် လူငယ့်တာဝန်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စိတ်ကြိုက် ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၈)ဦး ဖြင့်လည်းကောင်း၊  ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၁)ဦးတို့မှပြည်ထောင်စုစိတ်ဓါတ်ဖြင့် လည်းကောင်း ကျင်းပခဲ့ရာ  မြစ်သားမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ အထက် တန်းအဆင့်ကျောင်းသားကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင်  ပထမဆုရရှိသူများအား ဇန်နဝါရီ (၂၈)ရက်နေ့တွင် ခရိုင်အဆင့်ကျောင်း ပေါင်းစုံပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်ထံမှ သိရသည်။

သီတာအောင် (မြစ်သား)