မိုင်းရယ် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မိုင်းရယ် မြို့မဈေးကြီးနှင့် ရပ်ကွက်(၃)ခုရှိ ဆိုင်ခန်းများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆက်လက် ရောင်းချခြင်း ရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့မဈေးကြီးအတွင်းရောင်းချလျက်ရှိသည့် ဈေးသူ၊ ဈေးသားများ နှာခေါင်းစည်းများ တပ်ဆင်၍ ရောင်းဝယ်နေမှု အခြေအနေများ၊ တည်းခိုခန်း၊ ဓာတ်ဆီဆိုင်များ၊ ဆေးဆိုင်များ၊ စားသောက်ဆိုင်များ၊ စက်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆံပင် ညှပ်ဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းနှင့် အညီ ရောင်းချခြင်း ရှိ/မရှိနှင့် ဆိုင်များတွင် နှာခေါင်းစည်းနှင့် Hand Gel များ ထားရှိခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ စည်းကမ်းနှင့် အညီ ဖွင့်လှစ်ရောင်းချခြင်းမရှိသည့် ဆိုင်ခန်းများအား တစ်လ(သို့) နှစ်လအထိ ဆိုင်ခန်းများ ယာယီပိတ်သည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ကျော်ဇင်ထိုက်