မုဒုံ ဇန်နဝါရီ ၂၆
မော်လမြိုင်၊ သံဖြူဇရပ် ၆၆ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းကြောင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သီးနှံပင်/ နှစ်ရှည်ပင်များအတွက် မုဒုံမြို့နယ်အတွင်းရှိ တောင်သူ တစ်ဦးချင်းစီသို့ လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်မ၌ ပြုလုပ်သည်။
ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန ဓာတ်အားပို့လွှတ်ရေး (တောင်ပိုင်း) စီမံကိန်းမန်နေဂျာရုံး(၂)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ၂၀၁၅-၂၀၁၈ ခုနှစ်စီမံကိန်းအတွင်း တည်ဆောက်ခဲ့သည့် ၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အား လိုင်းကြီးကို နိုင်ငံတော်အနေဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးကြီးစွာဖြစ်ထွန်းစေရန် ရည်ရွယ်၍ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစပြီး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါဓာတ်အား လိုင်းတည်ဆောက်ခြင်းကြောင့် တောင်သူများ နစ်နာဆုံးရှုံးခဲ့သည့် သီးနှံပင်/နှစ်ရှည်ပင်များနှင့် ပတ်သက်၍ ယခုလိုတာဝန်ယူ ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မုဒုံမြို့နယ်အတွင်းရှိ လျော်ကြေးငွေရရှိသူ တောင်သူ(၃၂)ဦးအား မုဒုံမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက စုစုပေါင်း လျော်ကြေးငွေ (၂၅၆၆၀၈၄၀)ကျပ်အား အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများ၏ ကိုယ်စားတောင်သူတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည် ပြောကြားကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)