မင်းပြား ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ၂၀၂၂ ခုနစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမချန်ပီယံဒိုင်းဆုရရှိလာသော ရခိုင် ပြည်နယ်(U-25) အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုခြင်းကို ဇန်နဝါရီ(၂၅)ရက် ညနေက မင်းပြားမြို့ ရာမောင်လမ်းဆုံ၌ ပြုလုပ်ခဲ့သည်။
အဆိုပါတိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက်(U-25)အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ပထမချန်ပီယံဒိုင်းဆုကြီးရရှိလာသော ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်း အနေဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာပြီး စစ်တွေမြို့မှ ရွှေပြည်သစ်(Express) မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာရာ ညနေ(၃)နာရီအချိန်တွင် မင်းပြားမြို့သို့ ရောက်ရှိလာ ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးစိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ အားကစားဝါသနာရှင်များ၊ မိဘပြည်သူများက ပထမဒိုင်းဆုရရှိသည့် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းမှ အားကစားသမားများ၊ အုပ်ချုပ်သူနှင့် အသင်းနည်းပြများအား ဂုဏ်ပြုပန်းစည်းများ၊ အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
သိန်းနုအောင်