နေပြည်တော် ဇန်နဝါရီ ၂၅
နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ(တောင်) ကျေးရွာတွင်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် လေသာ(တောင်)ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက လေသာ(တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးတော်မူသည့် ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို စဉ်ဆက်မပြတ်ဖော်ဆောင်လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကသင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များကို ဆက်လက် လေ့လာ ဆည်းပူးအသုံးချစေလိုကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခု တတ်မြောက်ခဲ့သဖြင့် လက်တွေ့နယ်ပယ်တွင် တတ်မြောက်ခဲ့သည့်ပညာများနှင့် အလုပ်အကိုင်များရရှိပြီး မိသားစုဝင်ငွေများတိုးပွားအောင် ဆောင်ရွက်စေလိုကြောင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က သင်တန်းတွင် ပထမထူးချွန်ဆုရ မသဲအိဖြူအားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က သင်တန်းတွင် ဒုတိယထူးချွန်ဆုရ မမီမီအောင်အားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က သင်တန်းတွင် တတိယထူးချွန်ဆုရ မသော်တာမြတ်မွန်အားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြ သည်။
ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးက လက်ခံရယူကြပြီး ကျေးရွာရပ်မိရပ်ဖ ဦးမြင့်အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်တာဝန်ရှိသူများက အဆင့်မြင့်အပ်ချုပ်စက်သင်တန်းတွင် သင်တန်းသူများလက်တွေ့ချုပ်ထားသည့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှု အားပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြေားကြားသည်။
အဆိုပါသင်တန်းသို့ လေသာ(တောင်) ကျေးရွာမှ သင်တန်းသူ (၂၀) ဦးတက်ရောက်ပြီး အဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် ရှပ်အင်္ကျီချုပ်နည်း၊ သုံးလွှာစက်ချုပ်နည်း၊ လေးလွှာစက်ချုပ်နည်း၊ ရင်ဖုံးဖြတ်စက်၊ နောက်တွဲ၊ လက်မောင်း၊ လုံးကွက်အင်္ကျီသင်ကြားခြင်း၊ သင်္ဘောသားလျှာသင်ကြားခြင်း၊ ဖောက်အိတ်ကပ် သင်ကြားခြင်းနှင့် 3 MIN ၊ 4 MIN သင်ကြားခြင်း စုစုပေါင်း( ၇) မျိုးကို (၁)လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)