ရန်ကင်း ဇန်ဝါရီ ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် (CoviShield) ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း ရှိမိုးကောင်းဆု တောင်းပြည့်စေတီတော် ဝန်းအတွင်းရှိ သာသနာဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက်ဆောင် ရွက်ပေးလျက်ရှိ ပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့် အထက် ကိုဗစ်ကာကွယ်ဆေး မထိုးနှံသေးရသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (CoviShield) ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ် ကြက်ခြေနီသူနာပြုတပ် ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
လှလှထွေး(ပြန်/ဆက်)