လယ်ဝေးမြို့နယ်ရုံး Community Centreတွင် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး ဇန်နဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယမန်နေ့ညနေ(၃)နာရီက အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်၊ စာပေဗိမာန်ဆုရ စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)နှင့် နေပြည်တော်တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က အိမ်တွင်းအကြမ်းဖက်မှုဆိုတာ၊ အိမ်တွင်း အကြမ်းဖက်မှု အများဆုံးခံနေရသူများအကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုကို ကာကွယ်နိုင်မည့် ဥပဒေအကြောင်းအရာများ၊ ကလေးငယ်များ အိမ်တွင်းအကြမ်းဖက်မှုခံရသည့်အခါ ဘယ်လိုဆိုးကျိုးတွေခံစားရသလဲ စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျှက်ရှိရာ အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show အစီ အစဉ်ကိုလည်း We Love Leiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)