ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာ(၅)ရွာ၌ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုဗ္ဗသီရိ ဇန်နဝါရီလ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုခြောက်လဘဏ္ဍာရေးနှစ်အတွင်း ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာငါးရွာ၌ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နိုင်ငံတော် ထောက်ပံ့ရန်ပုံ‌ငွေ ကျပ်(၁၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ်(၁.၀၄၉၈၀၁)သန်းဖြင့် ကျေးရွာများတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကို  နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးမျိုးမျိုး၊ ဥတ္တရခရိုင်ရုံးမှ ဦးစီးမှူးဦးအွမ်တမ်ဟုန်း၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်စန္ဒာဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာများက   ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သစ်ယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ ရွာတွင်းလမ်း ရိစာခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက  ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် များနှင့်တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန် စံညွှန်းပြည့်မှီစွာပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးမှာကြားခဲ့ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံးကို ကျေးရွာသူ၊ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှဝန်ထမ်းများက နည်းပညာပိုင်း အနီးကပ်ပံ့ပိုးကြီးကြပ်ပေးခြင်း ဖြစ်သည်။

ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်နေသော ကျည်တောင်ကန်ကျေးရွာအုပ်စု၊ အောင်ပန်းကျေးရွာ၊ သန့်ဇင်လှကျေးရွာတို့၌ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများ၊ကျည်တောင် ကန်ကျေးရွာအုပ်စု၊ မြောက်ချောင်းကျေးရွာနှင့် သစ်ယာကုန်းကျေးရွာအုပ်စု၊ သစ်ယာကုန်းကျေးရွာတို့တွင် ရွာတွင်းလမ်းရိစာခင်းခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)