ရန်ကုန် ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၇)နာရီအချိန်က ဈေးများ ဌာနမှ ခရိုင်ဦးစီးအရာရှိ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်း နှင့် ဈေးတာဝန်ခံများနှင့်အတူ မြို့သစ်ဈေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိသော ဈေးသည်များကို ဒဏ်ငွေဖြင့် အရေးယူ ခြင်းများ၊ ဈေးဝယ် လာသူများ မလိုက်နာပါက ဈေးအတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းများကို လိုက်လံ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး မြို့သစ်ဈေး တာဝန်ခံ ရုံးခန်းတည်ဆောက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ဘိုကုန်းဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန်အတွက် ဈေးရောင်း၊ ဈေးဝယ် သူများ နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း ရှိ/မရှိတို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး ဈေးရုံသစ် အပိုင်း(၂) နှင့်(၃)ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည် များကို လမ်းညွှန် မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)