သီပေါ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကိုယနေ့နံနက်ပိုင်းက တိုင်းရင်းဆေး ပညာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနသို့သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ် သမဝါယမဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနများသို့ ယခင်ငှားရမ်း ပေးထားသော စာအုပ်များအားပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို တစ်နေရာလျှင် (၃၅)အုပ်ခန့် အသစ် ပြန်လည် လဲလှယ်ငှားရမ်း ပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကိုချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကိုသိရှိစေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့်အလုပ် တာဝန်များကြောင့် မအားမလပ် ဖြစ်နေသူများ၊ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့်သူများအတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး