ပင်းတယ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မီးသတ်ဦးစီး ဌာနမှ မောရှမ်းအချိုခြောက်စက်ရုံသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်၊ မီးဘေး လုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းအား ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်း စစ်ဆေးခြင်းကို ပင်းတယမြို့ ဆင်ခေါင်းရပ်ကွက်ရှိ မောရှမ်းအချိုခြောက် စက်ရုံတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဘိုမြင့်နှင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်တို့ ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ နှင့် စက်ရုံရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ပူးပေါင်း၍ မီးဘေးလုံခြုံရေးဇာတ်တိုက် လေ့ကျင့် ခြင်းများ ဆောင်ရွက်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိမှ မီးဘေးကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အသိပညာပေး ပြောကြားရာတွင် မိမိတို့၏ စက်ရုံဝန်းအတွင်း မီးသတ်ဆေး ဘူးများ ဆောင်ရွက်ထားရှိရန်၊ မီးလောင်လွယ်သည့် ပစ္စည်းများ အလွယ်တကူ စွန့်ပစ်မထားရန်၊ ဟောင်းနွမ်းဆွေးမြေ့ပေါက်ပြဲနေသော မီးကြိုး၊ ဝါယာကြိုးများ တပ်ဆင်အသုံးပြုထားပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနိူင်း၍ အသစ်လဲလှယ် တပ်ဆင်ရန်၊ မီးလောင်မှု၊ မီးလန့်မှု များ အထူးဂရုစိုက်ကြရန်၊ မီးဘေးမပေါ့ဆကြရန်၊ မီးချိတ်၊ မီးကတ်၊ သဲပုံးနှင့် ရေပုံးများအား ဆောင်ရွက်ထားရှိစေရေး စသည့်တို့ကို ပြောကြားပေးကာ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်း များဖြစ်သည့် မီးသတ်ဆေးဘူးဖြင့် ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး အသုံးပြုမှုအား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ယာဉ်များ လွယ်ကူစွာ ဝင်/ထွက် သွားလာနိုင်ရေးနှင့် ထိရောက်အောင်မြင်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ် ယာဉ် (၁)စီးဖြင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် အဆိုပါ စက်ရုံရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများကိုယ်တိုင် ပူးပေါင်း၍ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်းတယ (ဒေသပြန်/ဆက်)