မိုင်းခတ် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီး ရေးအသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းကာ မီးဘေးအန္တရာယ်အသိပညာပေး Online Talk Show အစီအစဉ်အား ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Online Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်နန်းနွယ်နီအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ပြည်သူများသိသင့်သိထိုက်သည်များကို မေးမြန်းခဲ့ရာ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုမြို့နယ်မီးသတ်ဦးစီးမှူးဦးစိုင်းဇင်ကိုလတ်က မီးသတ်ဦးစီး ဌာန၏ ရည်ရွယ်ချက်များ၊ မီးဘေးလုံခြုံရေးအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း၊ မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်းကို အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။
မိုင်းခတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေးနှိုးဆော်ခြင်း၊ စျေးနှင့်စာသင်ကျောင်းများတွင် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ မီးသတ်ဆေး ဘူးများအိမ်တိုင်းထားနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်လံအသိပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။