ဒလမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ဒလ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဖွင့်လှစ်ပြီးသော စာကြည့်တိုက်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀  နာရီ က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဇင်ဦးက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်ဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ခိုင်မာ တည်တံ့စေရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်မည့် အစီအစဉ်များကို အကြံပြု ပြောကြားခဲ့ကြသည်။

ဒလမြို့နယ်၌ ဒေသခံပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ဖွင့်လှစ်ထားရှိသော စာကြည့်တိုက်ပေါင်း  (၂၄) ခု       ရှိပြီး၊ လက်ရှိအချိန်တွင် အဆိုပါ စာကြည့်တိုက်များကို ပြန်လည်စိစစ်ခြင်းနှင့် ပြန်လည် ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ရာ စာကြည့်တိုက်အား စံ(၅)ရပ်နှင့်အညီ ရေရှည်ရှင်သန် ခိုင်မာစေရေးအတွက် လိုအပ်သော  ပရိဘောဂပစ္စည်းများ၊ သုတ၊ ရသ စာအုပ် စာစောင်များ၊ အဆောက် အအုံ၊ ဘဏ္ဍာငွေနှင့်  စာကြည့်တိုက်မှူးများကို  စနစ်တကျဖွဲ့စည်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းကျော်