ကျိုက်မရော၌ ပန်းခင်းစီမံချက်ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ကျိုက်မရော    ဇန်နဝါရီ  ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည့်နယ်၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရာနှုန်းပြည့်ဆောင်ရွက် ပေးနိင်ရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြိနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အမှာစကားပြောကြားပြီး ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကိုကိုလွင်က ပန်းခင်းစီမံချက်အရ နိုင်ငံသားတိုင်း နိုင်ငံသားကတ် တစ်မျိုးမျိုးကို ကိုင်ဆောင်ခွင့်ရရှိရေး ဆောင်ရွက် နေမှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် အသက် ၁၆ နှစ် ပြည့်မြောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ဖြည့်သွင်းထားခြင်း မရှိသူများအား စိစစ်ဆောင်ရွက် ပေးနိုင်ရေးတို့ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား ရှင်းလင်း ဆွေးနွေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများမှမိမိတို့ သိရှိလိုသည့် အချက်များကို တစ်ဦးချင်း မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကိုကိုလွင်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ထို့နောက် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကီးခွီးရှိန်မှ ကျေးရွာအုပ်ချုပ်မှူးများ၏ တင်ပြချက်များအပေါ်ထပ်ဆင့် ရှင်းလင်း ဆွေးနွေးပြီး ပန်းခင်းစီမံချက် ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)