နမ့်ဆန် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်း ၉ နာရီ ၃၀ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နမ့်ဆန်မြို့နယ် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းထားထားလှိုင်က စာကြည့်တိုက်ကို လာရောက်သော သားငယ်၊ သမီးငယ်လေးများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်း အကြောင်း၊ ပင်လုံစာချုပ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး သားငယ်၊ သမီးငယ်လေးများ အားမေးခွန်းများမေးမြန်း၍ ဖြေကြားစေခြင်းများ ဆောင်ရွက်ခဲ့သည်။
စာကြည့်တိုက်ကို လာရောက်သော သားငယ်၊ သမီးငယ်လေးများက (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော စာအုပ်/စာစောင်များ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)