မောင်တော ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ကူညီဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား)သင်တန်းကို ခရိုင်မီးသတ် ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သင်တန်း ပို့ချပေးလျက်ရှိရာ ယမန်နေ့က မောင်တော ခရိုင်မီးသတ် ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး သန့်ဇင်က ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ကူညီဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းဘာသာရပ်များအား သင်ကြားပို့ချပေးခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ခွဲမှူးသန်းဇော်ဦးနှင့် ဒုတိယတပ်ခွဲမှူး ဦးကျော်မြတို့မှ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက လူနာများအား အခြေခံ အသက်ကယ်ရာတွင် အထောက်အကူပြုနည်း စနစ်များအား လက်တွေ့သင်ကြားပို့ခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား)သင်တန်းကို ခရိုင်/မြို့နယ်၊နယ်မြေ မီးသတ် စခန်းများမှ သင်တန်းသား ၂၀ ဦးက တက်ရောက် သင်ယူလျက်ရှိပြီး သင်တန်း ကာလ မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ သင်ကြားပို့ချပေးမည်ဖြစ် ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)