မအီ ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်း ပြည်သူများ သတိပြုသိရှိလိုက်နာစေရန်အတွက် ယနေ့ ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည် အသိပညာပေးနှိုးဆော် ခဲ့ကြသည်။
ထိုသို့အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မအီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်းကို သတိပြုမိကြစေရန်နှင့် ပြည်သူများအနေဖြင့် လူစုလူဝေးမှရှောင်၍ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)