မြောက်ဦးခရိုင်၌ အသက်(၂၅)နှစ်အောက် ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆို အခမ်းအနားကျင်းပ

မြောက်ဦး ဇန်နဝါရီ  ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၌ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆို အခမ်းအနားကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြောက်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ၊ မြောက်ဦးခရိုင် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် ခရိုင်အဆင့် အားကစားပြိုင်ပွဲမှတစ်ဆင့် ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်ပြီး ကြိုးစားပမ်းစား အင်တိုက်အားတိုက် အားထုတ်လေ့ကျင့်မှုကြောင့် ရရှိလာသော အောင်ပွဲဖြစ်သည်။

ဘောလုံးသမားများအနေဖြင့် တတိယအဆင့် သာရယူထားနိုင်ခဲ့ရာမှ ယနေ့ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးပြည်နယ် အမျိုးသမီးပြိုင်ပွဲတွင် ကြိုးစားအားထုတ်မှုကြောင့် တံခွန်စိုက် ဒိုင်းဆုကြီးကို ဆွပ်ခူးနိုင်ခြင်းဖြစ်သည်။

ယခုပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုကြီးအပြင်  ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို  မလှမြတ်သူနှင့် ဂိုး သမားအကောင်းဆုံးဆုကိုလည်း မတိုးရတနာစုတို့မှ ရရှိခဲ့သည်။

အောင်ပွဲရ    ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား  မြောက်ဦးခရိုင်နှင့် မြို့နယ် များမှ   ချီးမြှင့်ဂုဏ်ပြုဆုငွေကျပ် (၂၉)သိန်းအား  ပြည်နယ်အစိုးရမှတစ်ဆင့်  ချီးမြှင့်ပေးအပ် ထားရှိပြီး  မြောက်ဦးခရိုင် အနေဖြင့်လည်း ရခိုင်ပြည်နယ်အားကစား 'ကဏ္ဍပေါင်းစုံ၌ တိုးတက်လာနိုင်စေရေးအတွက်  မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေး နှင့် ရခိုင်ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများစွာ ပေါ်ထွက်လာရေးနှင့် ကျေးလက်အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်အားကစားပြိုင်ပွဲများ ကျင်းပလာနိုင်ရေး အတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောင်ပွဲရ အားကစားခေါင်းဆောင် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်မောင် ဌေးမှလည်း  ကိုယ်ကျိုးအတွက် ပဓါနမထားဘဲ ကစားသမားတိုင်းသည် မိမိတို့ပြည်နယ် အောင်နိုင်ရေးအတွက်သာ ကြိုးစားအားထုတ်ခဲ့မှုကြောင့် အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်အောင်မြင် မှုရရှိနိုင်ရန် တစ်ဦးတစ်ယောက်တည်းမှ ကြိုးစားအားထုတ်မှုမဟုတ်ဘဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်သူ/ပြည်သားများမှလည်း အားပေးခြင်း၊ ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကစားသမားများမှလည်း အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ခဲ့မှုကြောင့်  အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။

နောင်တွင် မြို့နယ်အားကစားဌာနမှ ရပ်ကွက်အဆင့်ပြိုင်ပွဲ၊ မြို့နယ်အဆင့်ပြိုင်ပွဲများလုပ် ပေးမှသာ နောင်လာမည့် မျိုးဆက်သစ်များလည်း အောင်မြင်မှုရရှိမည်ဖြစ်ပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများ၊  မြို့မိ၊မြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများမှ လှိုက်လှိုက်လဲလဲ ကြိုဆိုမှုကြောင့် အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်၊၊

အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းသည် မြောက်ဦးမြို့သို့ ရောက်ရှိလာပြီး မြို့သူ/မြိုသားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသူ /ကျောင်းသားများမှ ကြိုဆို နှုတ်ဆက်ကြပြီး အောင်သပြေနှင့် ပန်းကုံးများဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်