မှော်ဘီ ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မသန်စွမ်းအဖွဲ့တို့ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၉:၀၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန် စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးရာတွင် မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးအေးသိန်းက မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာအကြောင်း မေးမြန်းရာ မှော်ဘီမြို့နယ် မသန်စွမ်းအဖွဲ့မှ ကိုအောင်ကျော်ဦး(အတွင်းရေးမှူး)က မသန်စွမ်းအကြောင်းနှင့် ပတ်သက်ပြီး မှော်ဘီမြို့နယ်မှာ မသန်စွမ်းဦးရေ (၁)သောင်းကျော် ရှိပါတယ်၊ ကျွန်တော်တို့ မသန်စွမ်းအဖွဲ့ကို (၂၀၀၉)ခုနှစ်မှာ ကိုယ့်အားကိုယ်ကိုး မသန်စွမ်းသူများ အဖွဲ့ဆိုပြီး အဖွဲ့(၆)ဖွဲ့နဲ့ စတင်ခဲ့တယ် (၂၀၁၁)ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာတော့ အဖွဲ့ (၆) ဖွဲ့ပူးပေါင်းပြီး မသန်စွမ်းသူများအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်၊ ဆက်လက်၍ မှော်ဘီမြို့နယ် မသန်စွမ်းအဖွဲ့မှ ကိုရဲနိုင်မြင့် (ဘဏ္ဍာ ရေးမှူး) က မြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းနေခွင့်မရတဲ့ မသန်စွမ်းကလေးတွေ ကျောင်းနေခွင့်ရဖို့ လုပ်ဆောင်နေပါတယ်၊ ကျွန်တော်တို့အဖွဲ့အနေနဲ့ ကိုဗစ်ကာလအတွင်းမှာ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကိုဗစ်နဲ့ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ် ဟုအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)