ကျောက်တော်မြို့၌ အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆို

ကျောက်တော်  ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဒိုင်းဆုကြီးရရှိလာသော ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ နံနက် နာရီအချိန်က သာသနာ့ ဗိမာန်တော်ကြီးရှေ့၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ချန်ပီယံဒိုင်းဆုကြီးရရှိလာသော ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်း အနေဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာပြီး စစ်တွေမြို့မှ ရွှေပြည်သစ် Express မော်တော်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာလာရာ ကျောက်တော်မြို့သို့နံနက် နာရီ ၁၅ မိနစ်အချိန်တွင် ရောက်ရှိလာရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ အားကစားဝါသနာရှင်များက   အောင်ပွဲရယူပြီး ပြန်လာခဲ့သော ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းမှ အားကစားသမားများ၊ အုပ်ချုပ်သူနှင့်အသင်းနည်းပြများအား ဂုဏ်ပြုပန်းစည်းများ၊ အောင်သပြေ ပန်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဆက်လက်၍  ပထမဒိုင်းဆုရရှိသော ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းသည် ကျောက်တော်မြို့အတွင်း မြို့တစ်ပတ်လှည့်လည် အောင်ပွဲခံနေစဉ် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ကျောက်တော်၊ ပြန်/ဆက်)