မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရေး ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လှည့်လည် နှိုးဆော်

မင်္ဂလာဒုံ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူများသိရှိစေရန် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ် လမ်းဆုံလမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်း နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန် စတင်ကူးစက်နေပြီဖြစ်သဖြင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန်၊ မလိုအပ်ဘဲနေအိမ်ပြင်ပသို့ ထွက်ခွာ ခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်သွားလာ ကြရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ စနစ်တကျဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေခြင်း၊ အတတ်နိုင်ဆုံး လူစုလူဝေးရှောင်ရှားကြရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကြရန်လိုအပ်ကြောင်း ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူ များသိရှိပြီး လိုက်နာဆောင်ရွက်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သန္တာ(ပြန်/ဆက်)