ညောင်ဦး ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လာရောက်လည်ပတ်ရင်း ခရီးစဉ်တဆက်ဆစပ်တည်းသွားရောက်လည်ပတ်နိုင်ရန် ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲက ခရီးစဉ် ခုနှစ်ခုရေးဆွဲပြီး ခရီးသွားပြည်သူများ စိတ်ဝင် စားစွာ သွားရောက်လည်ပတ်နိုင်ရန် ခရီးစဉ်များ ဖော်ဆောင်ထားရှိပေသည်။
အဆိုပါခရီးစဉ်များတွင် ရပ်ရွာအခြေပြုခရီးစဉ်များနှင့် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ သဘာဝလှအပများ မပျက်မစီးခံစား ကြည့်ရှုတတ်စေရန်နှင့်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးတန်ဖိုးထား လေ့လာနိုင်စေရန် ရည်ရွယ်ပြီးခရီးစဉ်ဒေသများဖော်ထုတ်ကာ ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများအထိ ရည်ရွယ်ကာ ရှာဖွေဖော်ထုတ်ထားခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ပုဂံရုံးခွဲမှ ဦးမျိုးမင်းအောင်(လက်ထောက်ညွှန် ကြားရေးမှူ)ထံက သိရှိရသည်။
အဆိုပါ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်ပြီး အလွယ်တ ကူသွားရောက် လေ့လာနိုင်သည့် စိတ်ဝင်စားဖွယ်ကောင်းသည့် ခရီးစဉ် (၇)ခုမှာ -
ထူးဆန်းသောကျောက်ရေကန်
ထူးဆန်းသောကျောက်ရေကန်သည် ညောင်ဦးမြို့မှတုရင်တောင်သို့ ၁မိုင် ၇ဖာလုံ ကွာဝေးပြီး တုရင်တောင်ပေါ်ဘုန်းတော်ကြီးကျောင်းရှေ့မှစတင်၍ တောင်တက်ခရီး သုံးဆယ်မိနစ်ခန့် တက်ရောက်ရသည့် တောင်ပေါ်တက်ရောက်ရသည့်ခရီးစဉ်ဖြစ်ပြီး လမ်းခရီးတွင် အညာဒေသတွင် ကျက်စားသည့် ချိုးငှက်၊ ငှက်ခါး၊ ရေသူကြီးငှက်၊ ဘီလုံး ငှက်နှင့်ချိုးလင်းပြာငှက်တို့ကို ကြည့်ရှုခံစားရင်းထူးဆန်းသည့် ကျောက်ရေကန်သို့ရောက် ရှိပေသည်။ ကျောက်ရေကန်သည် ကျောက်စိုင်ကြမ်းပြင်၊ ကျောက်စိုင်နံရံတို့ဖြင့်တွေ့ရှိရပြီး ကျောက်ရေကန် အလျား ၈၀ ပေ၊ အနံ ၈၀ ပေ၊ အနက် ၃၀ ပေခန့်ရှိပြီး အလွန်ထူးခြားလှသည့် ရေကန်တစ်ခုဖြစ်ပေသည်။ ထိုကျောက်ရေကန်၏ တောင်ဘက်တွင် မြကန်နှင့်အနောက်တောင်ဘက်တွင် ရှေးဟောင်းမြို့တော်ပုဂံပြည်၏ စေတီပုထိုးများ၊ ဧရာဝတီမြစ်နှင့် တန့်ကြည်တောင်၏ တောင်စဉ်တောင်တန်းများသည် ပြည်တွင်း ပြည်ပ ခရီးသွားများအား ထူးထူးခြားခြားဆွဲဆောင်နိုင်မည့်ခရီးစဉ်တစ်ခုဖြစ်ပေမည်။
ဇီးအိုလှကျေးရွာ
ခရီးစဉ်ထဲပါဝင်သည့် ဇီးအိုလှကျေးရွာသည် ညောင်ဦးမြို့၏ အရှေ့တောင်ဘက် မြောက်လတ္တီကျု ၂၅ ဒီဂရီ ၃၀ စက္ကန့်၊အရှေ့လောင်ဂျီကျု ၉၅ ဒီဂရီ၊ ၀၂ မိနစ်၊ ၁၅ စက္ကန့်နှင့် ညောင်ဦးမြို့မှ ၁၃ မိုင်ခန့်အကွာတွင်တည်ရှိသည်။ ဒေသခံများ၏ ပါးစပ်ရာဇဝင်အရ နတ်ထိန်းထားသည့် အင်ကြင်းတောသည် ၂၅ ဧက(၀.၁၃)စတုရန်း မိုင်ကျယ်ဝန်းပြီး ၎င်းအင်ကြင်းတောကို သစ်တောဦးစီးဌာနက ထိန်းသိမ်းထားရှိကြောင်းလည်းသိရသည်။ ဇီးအိုလှကျေးရွာတွင် နှစ်ပေါင်း ၉၀၀ခန့်သက်တမ်းရှိ မန်ကျည်းပင်ကိုးခွသည် တမူထူးခြားစွာ တည်ရှိပြီး အေဒီ (၁)ရာစုခန့်က သံချက်ဖို တစ်ခုသည်လည်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များအား ဆွဲဆောင်လျှက်ရှိပြီး သဘာဝအခြေခံခရီးစဉ်ဒေသတစ်ခုဖြစ်သည်။
စက်စက်ယိုကျေးရွာ
စက်စက်ယိုကျေးရွာသည် ညောင်ဦးမြို့နှင့် မိုင် ၂၀ကွာဝေးပြီး မြောက်လတ္တီကျု ၂၁ဒီဂရီ၊၀၆မိနစ်၊ ၃၀ စက္ကန့်၊ အရှေ့လောင်ဂျီကျု ၉၅ဒီဂရီ ၀၈မိနစ် ၀၄စက္ကန့်၊ ဗျတ္တပန်း ဆက်လမ်းမှသွား၍လည်း ရသည်။ အဆိုပါရွာလေးသည် အလွန်ရှေးကျလှပြီး လူနေမှုပုံစံ မှာ တမူထူးခြားစွာဆွဲဆောင်လျှက်ရှိပြီး အမျိုးသား၊အမျိုးသမီးများသည် တက္ကသိုလ် ရောက်သည်အထိ သျှောင်ပေစူးနှင့်စံရစ်ဝိုင်းများ ထားရှိကြကြောင်း၊ ၎င်းတို့အဓိကအလုပ် အကိုင်မှာထန်းတောင်သူများဖြစ်ကြောင်း၊ စက်စက်ယို ကျေးရွာရှိ လူနေမှုပုံစံများသည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ဆွဲဆောင်နိုင်မည့် တမူထူးခြားသည့်ခရီးစဉ်တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
ပုပ္ပားတောင်မကြီး
ပုပ္ပားတောင်မကြီးသည် ညောင်ဦးမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးပြီး မြောက်လတ္တီကျု ၂၀ ဒီဂရီ ၅၂ မိနစ် ၊အရှေ့လောင်ဂျီကျု ၉၅ ဒီဂရီ ၁၄ မိနစ်တွင်တည်ရှိပြီး ပုပ္ပားရွာမှတောင်မကြီးသို့ ၃ မိုင် ၆ ဖာလုံ၊ ခြေလျင်တောင်တက်ခရီးစဉ်တစ်ခုဖြစ်ပေသည်။ ပုပ္ပားတောင်မကြီး သည်အမြဲစိမ်းတောဖြစ်ပြီး ပုပ္ပားဧရိယာအတွင်းတွေ့ရှိရသည့် မျောက်မြီးရှည်ခေါ် ပုပ္ပား မျောက်မြီးရှည်သည် မြန်မာနိုင်ငံမှာသာ ရှိသည့် မျောက်တစ်မျိုးဖြစ်ကြောင်းလည်း သိရသည်။ နွားလပို့တောင်၊ ဆေးမွန်တောင်၊ မှန်ပြတောင်၊ စပါးပုံတောင်များကိုတက်ရောက်နိုင်ကြောင်း၊ သစ်ခွမျိုးစုံလေ့လာနိုင်ပြီး ကျောက်ပန်းကျောက်ခက်များ တောင်ကမ်းပါးယံထက် တွင်အလွန်ပေါများစွာ ပေါက်ရောက်ပြီး တောင်တက်ခရီးသွား ပြည်သူများအား စိတ်ချမ်းမြေ့စွာ မြင်တွေ့နိုင်ပေသည်။ ထိုခရီးစဉ်သည် ထူးထူးခြားခြား ခရီးသွားတိုင်းစိတ်ဝင်စား မည့် မရိုးနိုင်သည့်ခြေလျင်တောင်တက်ခရီးစဉ်ဖြစ်ပေတော့သည်။
ကျောက်မျက်မော်
ကျောက်မျက်မော်စေတီသည် စိုးမင်းကြီးဘုရားအကျော် မြင်းကပါရွာ၏ တောင် ဘက်၊မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၀၈ မိနစ် ၄၀.၇ စက္ကန့်၊ အရှေ့လောင်ဂျီကျု ၉၄ ဒီဂရီ ၅၁ မိနစ် ၁၄.၄ စက္ကန့်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ကျောက်မျက်မော်စေတီတော်သည် နှစ်ထပ် ဘုရားတစ်ဆူဖြစ်ပြီး အတွင်းစေတီမှာ ရှစ်မြှောင့် ပစ္စယံခံထားသော ပျူခေတ်ယဉ်ကျေးမှု လက်ရာများနှင့် ၎င်းကိုငုံ၍ တည်ထားသော ဖောင်းရစ်များဖြင့် တန်ဆာဆင်ထားခြင်းတို့ဖြစ်ပြီး စေတီကိုယ်ထည် ခါးပတ်တန်းရှိ ဘုလုံးပုံဆနွင်းမကင်းပုံများမှာ လောကန္ဒာဘုရားတွင် တန်ဆာဆင်ထားသကဲ့သို့ မူလအင်္ဂတေပန်းပုံအုတ်ကိုပုံ ဖော်ထားသည်။
ထူးခြားချက်မှာ စေတီ၏ အတွင်းစေတီနှင့်အပြင်စေတီကြားမှာ အုတ်အပြည့်မဖြည့်ဘဲ ၃ ပေခန့် အကျယ်ရှိသော ဒေါက်ကြီးများဖြင့် ထောက်စီထားသည်ကို တွေ့ရှိရသည်။ ကျောက်မျက်မော် စေတီအား ရှေးဟောင်းသုတေသီများက အေဒီ ၁၂-၁၃ ရာစုခန့်တွင် တည်ထားခဲ့သည်ဟု သုံးသပ်ခဲ့ကြသည်။ ကျောက်မျက်မော်စေတီ နေဝင်ဆည်းဆာအလှသည် ဧရာဝတီမြစ်နှင့် တန့်ကြည်တောင်၏ တောင်စဉ်တောင်တန်းများသည် ပန်းချီကား တစ်ချပ်သဖွယ် ထူးခြားစွာ ဆွဲဆောင်နေပေသည်။
ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်
ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်သည် ကျောက်ပန်းတောင်းမြို့၏အရှေ့ဘက် ကျောက် ပန်းတောင်း-မိတ္ထီလာ ကားလမ်း ၇ မိုင်အကွာရှိ မဟာဗောဓိ ငါးထောင်မှ ဘယ်ဘက်လမ်း ၂ မိုင် ၃ ဖာလုံ အကွာရှိ လဲဂွရွာနှင့်လက်ပံ့အိုင့်ရွာကြားတွင် တည်ရှိသည်။ လဲဂွရွာနှင့်လက်ပံ အိုင့်ရွာကြားတွင် မပုပ်မသိုးသာ ရဟန္တာရုပ်ကလာပ်တော်၊ ဦးစန္ဓအားဖူးမြော်နိုင်ပြီး မြောက်ဘက် တစ်မိုင်ခန့်သွားလျှင် ဂဲမိုးအိုင်သို့ ရောက်ရှိပေသည်။ အဆိုပါနေရာတွင် တစ်မိုင်ခန့်ရှည်လျားသည့် ကျောက်လျှိုမြောင်အတွင်း လက်ငါးချောင်းအိုင်၊ ဂဲတစ်လုံးစို့ အိုင့်၊ ဂဲမိုးအိုင်၊ စကောဝိုင်းအိုင်၊ ဗျောဗျောကျအိုင်၊ တို့လေ့လာနိုင်ပြီး အန္တရာယ်ကင်းသည့် တောတွင်းစွန့်စားခရီးစဉ်အဖြစ် ခရီးသွားများစိတ်ကြိုက်ဖြစ်စေမည့် ခရီးစဉ်ဖြစ်ပေသည်။
သဲပြင်တော(CBT)ခရီးစဉ်ဒေသသစ်
သဲပြင်တောကျေးရွာအုပ်စုသည် ညောင်ဦးမြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကောင်းတော်စစ်ရွာ အိမ်ခြေ -၁၉၉ အိမ်၊ သဲပြင်တောရွာ အိမ်ခြေ ၂၀၀ တို့ပါဝင်ပြီး ရှေးနှစ်ပေါင်း ၁၅၀ ခန့်ကတည်ထားခဲ့သော ရှေးဟောင်းဘုန်းကြီးကျောင်း၊ (ရုပ်စုံကျောင်း)၊ ရွာလည်ကျောင်း၏ တဘက်တချက်တွင် ကပ်လျှက်တည်ရှိသည်။ စုစုပေါင်းလူ ဦးရေ ၁၆၈၅ဦးရှိပြီး ဘာသာတရား ကိုင်းရှိုင်းကြကာ ရိုးရာနတ်ကိုးကွယ်မှုကိုလည်း တွေ့ရှိနိုင်သည်။ အလုပ်အကိုင်မှာ ရက်ကန်းလုပ်ငန်း၊ ထန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ရိုးရာဆုံဆီကြိတ်လုပ်ငန်းတို့ လုပ်ကိုင်ကြပြီး ရှေးဟောင်းပေစာ၊ ပုရပိုက်စာ၊ ကြေးကမ္မဝါများ၊ ရှေးလက်ရာစာတိုက်သေတ္တာများ၊ စက်နာရီမပေါ်မီကပင် လက်လှည့်ရှေးနာရီတို့ကို လေ့လာနိုင်သည့်အပြင် ရွှေနတ်တောင်ပေါ်မှနေထွက်နေဝင်ရှုခင်း၊ ကြည့်ရှုနိုင်ပြီး ရှေးဟောင်း ပစ္စည်းတန်းဘိုးထားလေ့လာလိုသူများ လာရောက်လေ့လာသင့်သည့် ခရီးစဉ်သစ်လည်း ဖြစ်ကြောင်း ခရီးစဉ် (၇) နေရာအား ဖော်ပြလိုက်ရသည်။
ကိုထိန်၊KPD