ကျောက်ဆည် ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများပြည့်ဝစွာပေးနိုင်ရေးအတွက် သံရွာ ကျေးရွာအနီးရှိ နွားတက်မြောင်းမကြီး၏ ရေကျအဆောက်အအုံ မြေကာနံရံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် မြောင်းဘောင်မြေများပြန်လည်ဖြည့်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ ဆောက်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများမှာ ငပြောင်ဆည်ရေသောက်စနစ်၊ နွားတက်မြောင်းမကြီး ရေကျ အဆောက်အအုံ အောက်ပို်ငးနေရာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၂၇)သန်း အကုန်အကျခံကာ အကျယ် (၂၉)ပေ၊ အရှည်(၂၁၀)ပေဖြစ်ကြောင်းနှင့် လုပ်ငန်းများပြီးစီးပါက သီးနှံမျိုးစုံ(၂၀,၀၀၀) ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေအလေအလွင့် နည်းပါးစွာဖြင့် သတ်မှတ်ရေပမာဏပြည့်ဝစွာ ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် သီးနှံများ စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေများပေးဝေရာတွင် ပြည့်ဝစွာပေးဝေနိုင်ရေးအတွက် ဘဏ္ဍာနှစ် အလိုက် သဲနှုန်းများတူးဖော်ပေးခြင်း၊ မြောင်းကြမ်းပြင်များနှင့်မြောင်းဘောင် နံရံများအား ပြန်လည်ပြုပြင်ပေးခြင်း၊ ရေပေးပြွန်များအသစ် ပြောင်းလဲတပ်ဆင်ပေးခြင်း၊ ရေကျ အဆောက်အဦများနှင့်ရေတံခါး ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)