ဒဂုံအရှေ့ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ဒေသန္တရကျန်းမာရေးဌာနတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (Sputnik light) (ရုရှား)ကာကွယ်ဆေး ကို စတင်ထိုးနှံ ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးသည် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များမှအပ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများကို ထိုးနှံပေး သွားမည်ဖြစ်ပြီး (၁) ကြိမ်သာ ထိုးနှံရမည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံရန်လာ ရောက်ကြသော ပြည်သူများအား ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကာ ဆေးထိုးနှံပြီးရာ တွင်လည်း မိနစ်(၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့် ပြုကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေး လျက်ရှိပြီး ရုရှားနိုင်ငံထုတ် (Sputnik Light) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ရပ်ကွက်နေပြည်သူ( ၄၇၅) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ (ပြန်/ဆက်)