ထန်းတပင်၌ တိုင်းရင်းသားအခွင့်အရေးများအား အသိပညာပေးကာ အခြေခံအချက်အလက် စစ်တမ်းများ ကောက်ယူ

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၂၅

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များ ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင် ကျေးရွာအုပ်စု၊ ရေပေါ် သောင်ကျေးရွာရှိဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြရာ မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသားများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်တို့က အဖွင့် အမှာစကားများ ပြောကြားခဲ့ကြကာ မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ရှိ ဆောင်ရွက်ပေးနေမှုများ၊ ကလေးသူငယ်အခွင့်အရေးနှင့် လူငယ်ရေးရာ မူဝါဒအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအိုက်ကျော်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ၊ စစ်တမ်းကောက်ယူခြင်း အကျိုးရလဒ်များနှင့် စစ်တမ်းမေးခွန်းလွှာများ ရှင်းလင်းခဲ့ကာ တက်ရောက်လာကြသူများထံမှ တိုင်းရင်းသားရေးရာ အခြေခံအချက်များကို စစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များကို သုတေသနပြု မှတ်တမ်းတင်နိုင်ရန်၊ တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်စေမည့် ကိစ္စများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားနိုင်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ခြင်းဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို တိုင်းရင်းသားလူမျိုးများ ပိုမိုသိရှိနားလည်စေရန်၊ တိုင်းရင်းသားလူမျိုးများ ကြုံတွေ့နေရသော အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ နစ်နာဆုံးရှုံးမှုများနှင့် အငြင်းပွားမှုပြဿနာများကို လေ့လာသိရှိနိုင်ရန်နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ဒေသခံတိုင်းရင်းသား များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦးပူးပေါင်း ဆောင်ရွက်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍အသိပညာပေးခြင်းနှင့် စစ်တမ်းများ ကောက်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)