တာလေမြို့၌ ဌာနဆိုင်ရာ ရပ်ကျေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တာလေ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် တာဝန် ရှိသူများအနေဖြင့် မိမိလုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန် ရှိသူများအချင်းချင်း ချိပ်ဆက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့အုပ်ချုပ်ရေးဌာနအပိုင်းမှ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်စုမှ တာဝန်ရှိသူများက လုပ်ငန်းကိုအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ကြ ပါရန်နှင့် တာဝန်ရှိသူများက မိမိလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြပေးကြပါရန် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက မိမိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြကြရာ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)