နမ့်ခမ်း ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊နမ့်ခမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ်(၉)ရပ်ကွက်၊ အောင်မဂ်လာရပ်၌ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်အတွင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ လှည့်လည်ဆောင်ရွက်ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ကူးစက်မှုအလွန်မြန်သည့် အိုမီခရွန်ရောဂါပိုးအသစ်အဖြစ် နိုင်ငံအများအပြား၌ ကူးစက် ဖြစ်ပွားသည်သာမက မြန်မာနိုင်ငံအတွင်း၌လည်း ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာပြီဖြစ်သည့်အတွက် ကိုဗစ်ရောဂါနှင့် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် နိုင်ရန် ရပ်ကွက်နေပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွါပါက (Mask) နှာခေါင်းစည်း၊ (Face Shield) မျက်နှာကာတို့ စနစ်တကျတပ်ဆင်၍ သွားလာ ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံရာတွင် ခပ်ခွာခွာနေကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ မကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူကြရန် စသည့်ကျန်းမာရေး လမ်းညွှန်ချက်များ လှည့်လည်အသိပေး နှိုးဆော်ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူတိုင်းပါဝင် ပူးပေါင်း၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးထုတ်ပြန်ချက်များကိုသိရှိပြီး တိကျစွာ လိုက်နာဆောင်ရွက် နေထိုင်ကြရန် လိုအပ်ကြောင်း အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဆိုင်ထွန်း (နမ့်ခမ်း)