လားရှိုး ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဂုဏ်ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်တွင် နှစ်ကာလ ကြာမြင့်ပြီး ဟောင်းနွမ်းနေသော မင်္ဂလာစည်တော်ကြီး နေရာတွင် မင်္ဂလာစည်တော်အသစ်တင်လှူခြင်း အခမ်းအနားကို ယနေ့၊နံနက်(၉)နာရီအချိန်ကကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယအဂမဟာဂန္ထဝါစက ပဏ္ဍိတ မဟာဗောဓာရုံကျောင်းဆရာတော် ဘဒန္တနာရဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်(၁၈)ပါး ကြွရောက် ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပြီး မဟာဗောဓာရုံ ကျောင်းဆရာတော် ဘဒန္တနာရဒထံမှ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးအမှူးပြုသော ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့မိမြို့ဖများနှင့်
ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းမှူးမှမင်္ဂလာစည်တော်ကြီးကို ဆရာတော်ကြီးများထံသို့အပ်နှံခြင်း၊ ဆရာတော်ကြီး များက ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုတော်မူခြင်းနှင့် ကြွရောက်လာကြသော ဆရာတော် သံဃာတော်(၁၈)ပါးအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂမဟာပဏ္ဍိတ ဇဗ္ဗူအေး အေတီတပ်ဦးကျောင်း ဆရာတော် ဘဒန္တ ဥတ္တမထံမှ အနုမောဒနာတရား နာယူ၍လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြပြီး ဆရာတော်သံဃာတော်များအား အခမ်းအနားတက်ရောက် လာသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဆရာကဝိကျော်ထင်နှင့် အခမ်းအနားတက်ရောက်လာသူများက မင်္ဂလာစည်တော်ကြီးအား ဘိသိက်ချီးမြောက်ပြီး အမွှေး နံ့သာရည်များပက်ဖျန်းပူဇော်ကာ သာဓု(၃)ကြိမ်ခေါ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
စိုင်းအောင်ကျော်စိုး