လှိုင် ဇန်နဝါရီ ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လှိုင်စျေးကြီးတွင် ကိုဗစ် - ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး မကူးစက်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် လှိုင်မြို့နယ် အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင် သမျှ မိမိတို့၏ နေအိမ်၌သာနေထိုင်ခြင်း၊ သံသယလက္ခဏာများ ခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ခြင်း စသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာနေထိုင်ရေးနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံကြကာ အိုမီခရွန် အပါအဝင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှု ကရပ်တန့်စေရေး ရောဂါကာကွယ်ရေး နည်းလမ်းများကို ပြည်သူများ အားလုံးဆက်လက်လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပညာပေး နှိုးဆော် ထားသည်။ လှိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ထောက် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများက ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းသီတာမိုး(ပြန်/ဆက်)