တွံတေး ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံဂီတ အစည်းအရုံး (တွံတေးမြို့နယ်)မှ ကြီးမှူးကျင်းပမည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် သီချင်းဆိုပြိုင်ပွဲကို "ဂီတစွမ်းအား ပြည့်ထွန်း ကား" ဆောင်ပုဒ်နှင့် အညီ ထူးချွန်သော ဂီတပညာရှင်များ ပေါ်ထွန်းလာစေရန်၊ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးပြုနိုင်သော ဂီတအဆိုပညာရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းမှ ထူးချွန်သော ဂီတ အဆိုပညာရှင်များ ပေါ်ထွန်းလာစေရန် တေးဂီတများဖြင့် နိုင်ငံနှင့် လူမျိုး အကျိုးပြုနိုင်စေရန် သော်လည်းကောင်း တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း စည်းလုံးညီညွတ်မှု ရရှိစေ ရေးအတွက် တွံတေးမြို့နယ် အခြေခံပညာ ကျောင်းများမှ ရွက်ပုန်းသီး ဂီတအဆိုပညာရှင်များ ပေါ်ထွန်းလာပြီး ညီအစ်ကိုမောင်နှမ သွေးချင်းများအားလုံး ဥမကွဲ သိုက်မပျက် စည်းလုံး ညီညွတ်စွာ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်တတ်သော စည်းလုံးညီညွတ်မှု သဏ္ဍာန် ပေါ်လွင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ကြောင်း သိရသည်။
အဆိုပြိုင်ပွဲကို တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ(၄)နာရီအထိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတ အစည်းအရုံး (တွံတေးမြို့နယ်) ဥက္ကဋ္ဌထံမှ သိရှိရသည်။
သီချင်းဆိုပြိုင်ပွဲအပြင် ပြိုင်ပွဲများမှာ ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲ၊ ထက်၊ လယ် အဆင့် ကဗျာပြိုင်ပွဲ၊ ထက်၊ လယ်၊ မူ တိုင်းရင်းသားရိုးရာ အဝတ်အစားပြိုင်ပွဲနှင့် ယိမ်းအက အလှပြိုင်ပွဲ များကို စည်းကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တွံတေးသား