တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

တာချီလိတ် ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က နယ်မြေအေးချမ်းလုံခြုံ ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရောက်ရှိမှုနှင့် ထိုးနှံပြီးစီးမှု၊ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆)လ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လျာထားချက် ပြည့်မီအောင်ဆောင်ရွက်ပေးရေး၊ မဲစာရင်းများ အချိန်မီပြီးစီးအောင်ပြုစုရေးတို့နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လအတွင်းလမ်း၊ တံတား၊ အဆောက်အအုံနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊  ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နေမှု၊ အခွန်ငွေများကောက်ခံရရှိမှု၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များဆောင်ရွက်ပြီးစီးမှု၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ဆက်လက် ထိုးနှံပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ လာအို-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ဆောက်ရန် ဆောင်ရွက်ထားရှိမှုနှင့် ဒေသခံတောင်သူများအား ယူရီးယားဖြန့်ဝေပေးမည့်အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)