နောင်တရား ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ ပြောင်းအဝယ်တော်များမှ အစေ့ထုတ်ပြောင်းများကို ဈေးနှုန်းအနည်းငယ်မြင့်၍ ဝယ်ယူ လျက်ရှိကြောင်း ပြောင်းရောင်း တောင်သူတစ်ဦးက ပြောသည်။
“အစောပိုင်းကနောင်တရားမှာ ပြောင်းတစ်ပိဿာကို ကျပ် ၅၅၀ ဈေးနဲ့ ဝယ်နေတယ် ဒီတစ်ပတ်မှာတော့ တစ်ပိဿာကို ကျပ် ၆၆၀ ဈေးနဲ့ ဝယ်နေတယ် အောင်ပန်းမှာတော့ ပြောင်းအလှဆိုရင် ကျပ် ၇၀၀ ဈေးပေါက်နေပြီး အောင်ပန်းသွားရောင်းရင် ကားခ၊ ပွဲခနဲ့ဆို တစ်ပိဿာ ကျပ် ၆၄၀-၆၅၀ ဈေးနဲ့ပဲကျန်တယ် နောင်တရားမှာ ပြောင်းဝယ်သမားများတော့ မိမိစိတ်ကြိုက်ရောင်းချင်တဲ့ ပွဲရုံသွားရောင်းရုံဘဲ ပွဲခလဲမကုန်ဘူးလေ” ဟု ပြောင်းရောင်း တောင်သူတစ်ဦးကပြောသည်။ နောင်တရားမြို့အနီး ပတ်ဝန်းကျင်မှ ထွက်ရှိသည့် ပြောင်းများ ကို နောင်တရားမြို့နှင့် အောင်ပန်းမြို့များမှ ပြောင်းအဝယ်တော်များထံတွင် သွားရောက် ရောင်းချကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)