ကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာနမှ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေမည့် သစ်တော၊ သစ်ပင်နှင့် နှစ်ရှည်သီးပင်စားပင်များအား ပျိုးထောင်ထားရှိ

ကျောက်တလုံးကြီး ဇန်နဝါရီ ၂၅

၂၀၂၂ ခုနှစ်၊ မိုးရာသီကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ဒေသခံပြည်သူများ အနေဖြင့် ပျိုးပင်များအခမဲ့ စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၁၅၀၀၀) ပင် ပျိုးထားကြောင်း သိရသည်။

ပြည်သူများထံ ဖြန့်ဝေမည့် စိုက်ပျိုးပင်များပျိုးထောင်ရာတွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အပင်များ၊ ဒေသခံပြည်သူများ စိုက်ပျိုးချင်သောအပင်များ စိုက်ပျိုးနိုင်ရန် ရေသင်းဝင်ပင်၊ ချယ်ရီပင်၊ ကံ့ကော်ပင်၊ ထင်းရှူးပင်၊ စိန်ပန်းပြာပင်၊ စိန်ပန်းနီပင်၊ မျောက်ငိုပင်၊ မယ်ဇလီပင်၊ ခါတော်မီပင်၊ ထောက်ပတ်ပင်များ၊ သစ်တောသစ်ပင်နှင့် နှစ်ရှည်သီးပင်၊ စားပင်ပေါင်း(၁၅၀၀၀)ကို ပျိုးထောင်ထားကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ရေးအတွက် ပျိုးထောင်ထားရှိသော အပင်များကို ဒေသ ခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစုအဖွဲ့ပိုင်သစ်တောများတွင် စိုက်ပျိုး နိုင်ရန် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာနမှ တောခေါင်း ဦးတင်ဝင်းထံမှ သိရသည်။

မြဝင်း(ကျောက်တလုံးကြီး)