နမ့်စန်(တ) ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက်၁၀ နာရီ က ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင် နှင့် စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ မြို့ပေါ်ရှိ အခြေခံပညာကျောင်း (၁၀)ကျောင်းမှ ကျောင်းအုပ်ကြီးများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က မြို့နယ် ပြန်/ဆက်၊ ပညာရေးဌာနနှင့် စာပေ ဝါသနာရှင်များအသင်း (Book Club) တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများဆောင်ရွက်မည့်အစီအစဉ်တို့ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများက ပြိုင်ပွဲအမျိုးအစား ၊ ပြိုင်ပွဲဝင်ကျောင်းသားဦးရေ၊ ပြိုင်ပွဲကျင်းပမည့် အချိန်နှင့်နေ့ရက်တို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကာ စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်တစ်ဦးက ပြိုင်ပွဲစည်းမျဉ်းများ၊ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများနှင့် ဆုပေးမည့်အစီအစဉ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre)တွင် ဖေဖော်ဝါရီလ ၈ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင် ပြောပြိုင်ပွဲ ၊ အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ တို့ကို ကျင်းပသွားမည်ဖြစ်ကာ မြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၀ ကျောင်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၂ ဦး ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။