ဂွ ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မူလတန်းကြိုကလေးငယ်များ၏ ကာယစွမ်းရည်နှင့် ဘက်စုံဖွံ့ဖြိုးမှုများ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မူလတန်းကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက မီးသတ် ဦးစီးဌာနရှေ့ ကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် မူလတန်းကြိုကျောင်းမှ သားငယ် သမီးငယ်များ အနေဖြင့် ဖွံ့ဖြိုးမှုအလိုက် ကစားနည်းများကို ပါဝင်ယှဉ်ပြိုင် ကစားခြင်းဖြင့် ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး မိဘများအနေဖြင့်လည်း ပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သားငယ်သမီးငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်ခိုင်က ကလေး သူငယ်များ ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန်နှင့် မူလတန်းကြိုကျောင်းများ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မူလတန်းကြိုကျောင်းမှ ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများ ဖြစ်သည့် အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့သည့် ကလေးငယ်များကို တာဝန်ရှိသူများက ဆုများအသီသီး ချီးမြှင့်ပေး ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်