ရွှေကူ ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ လွှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁)နာရီခန့်က ရွှေကူမြို့နယ်၊ ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲအား ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရွှေကူမြို့နယ် ရဲမှူးတင့်နိုင်တို့က လူကုန်ကူးမှုအကြောင်း အသိပညာဗဟုသုတ ရရှိစေရန်နှင့် အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ မသိနားမလည်သေးသော လူငယ်များအနေဖြင့် လူကုန်ကူးသူ လူပွဲစားများ၏ အမျိုးမျိုးသော မက်လုံးပေးလှည့်ကွက်များ မခံရစေရန်၊ လူကုန်ကူးမှုအား ကပ်ရောဂါတစ်ခုကဲ့သို့ ကြောက်ရွံ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ် တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးအမြတ် ရရှိရေးအတွက် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်းဖြင့် ငွေကြေး သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုများသည် ပြည်ပနိုင်ငံများတွင်သာမက ပြည်တွင်း၌လည်း ဖြစ်နိုင်ကြောင်း၊ ကျား/ မ အသက်အရွယ်မရွေး လူကုန်ကူးခံရနိုင်ခြေ ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်၌ လူတစ်ဦးဦးအား ယုံကြည်မှု မလွန်ကဲမိစေရန် သတိပြု နေထိုင်သင့်ကြောင်း။
“ လူကုန်ကူးမှု တိုက်ဖျက်ဖို့ တွဲလက်ညီညာခိုင်မြဲစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း အကျယ် တစ်ဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ် အပြည့်အစုံအား ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)