သထုံ ဇန်နဝါရီ ၂၅
မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
စေတီတော်မြတ်ကြီးကို ၅ နှစ်လျှင်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်လေ့ရှိပြီး နောက်ဆုံး အကြိမ်အဖြစ် ၂၀၁၆ ခုနှစ်၌ ကပ်လှူခဲ့ရာ ယခုအခါ သက်တမ်းကာလ ကျော်လွန်ပြီး ရွှေပြားများ အရောင်မှိန် လာပြီဖြစ်သည့်အတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုနှင့်အညီ အသစ်ပြန်လည်ကပ်လှူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။
"လက်ရှိအချိန်မှာတော့ အလှူခံမဏ္ဍပ်ဖွင့်ပြီး အလှူခံနေတာပေါ့၊ လာမယ့်နှစ် သီတင်းကျွတ် လောက်ကစပြီး ငြမ်းဆင်တာတို့ဘာတို့ပေါ့ ရွှေသင်္ကန်းကပ်တဲ့လုပ်ငန်း စပြီးလုပ်မယ်၊ တပေါင်းလ ဘုရားပွဲတော် မတိုင်ခင် အပြီးလုပ်ဖို့ စီစဉ်ထားပါတယ်" ဟု ဂေါပက ဥက္ကဋ္ဌက ပြောသည်။
ရွှေစာရံစေတီတော်မြတ်ကြီးမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် မဟာသက္ကရာဇ် ၁၀၁ ခုနှစ်၊ တပေါင်း လပြည့်နေ့၌ သုဝဏ္ဏဘူမိပြည့်ရှင် သူရိယစန္ဒာမင်းကြီး အစပြု၍ တည်ထား ကိုးကွယ်ခဲ့ကြောင်း၊ ကကုဿန် မြတ်စွာဘုရား၏ ဆံတော် ၈ ဆူ၊ ကောဏာဂုံ မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကဿပ မြတ်စွာဘုရား၏ မြသပိတ်တော်နှင့် ဂေါတမမြတ်စွာဘုရား၏ သွားတော် ၄ ဆူတို့ဖြင့် လေးဆူသော ဘုရားရှင်တို့၏ ဓါတ်တော်များ ဌာပနာထားရှိရာ လေးဆူဓါတ်စံရွှေစာရံစေတီဟု ထင်ရှားသည့် သမိုင်းဝင် စေတီတစ်ဆူဖြစ်သည်။
လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရာတွင် ကာလပေါက်ဈေးအရ ငွေကျပ်စုစုပေါင်း သိန်း ၅၀၀၀ ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ယခင်နှစ်များက အလှူခံရရှိမှုများဖြင့် လိုအပ်သည်တို့ကို ဝယ်ယူစုဆောင်း ထားရှိပြီး လက်ရှိအချိန်တွင် ကိုဗစ် ကပ်ရောဂါကြောင့် လာရောက်ဖူးမျော်သူနည်းပါးကာ အလှူခံရရှိမှုလည်း နည်းပါးကြောင်း သိရသည်။
ရွှေသင်္ကန်းကပ်လှူနိုင်ရန် ၉ လက်မပတ်လည် ရွှေစင်ရွှေပြား တစ်ပြားလျှင် ငွေကျပ် ၂၇ သိန်းနှုန်း၊ ၂ လက်မပတ်လည် ရွှေဆိုင်း အချပ်ရေ ၁၀၀ တစ်ဆိုင်းလျှင် ၈၀၀၀၀ ကျပ်၊ အချပ်ရေ ၅၀ တစ်ဆိုင်း ၄၀၀၀၀ ကျပ်၊ အချပ်ရေ ၂၅ တစ်ဆိုင်း ၂၀၀၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး ရင်ပြင်တော်ရှိ သာသနာ့ဗိမာန်တော်၌ ဖွင့်လှစ်ထားသည့် အလှူခံဌာနနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)