မိုးညှင်း ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ နတ်ကြီးကုန်း(ရှမ်းပိုင်း)ရပ်ကွက်၌ တစ်နိုင်တစ်ပိုင် ပဲပုတ်ခြောက်လုပ်ငန်းများ ဆောင်ရွက် ရာမှ မိသားစုအတွက် ဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရသည်။
“ပဲငပိကို တစ်နေကုန်ပြုတ်ရပါတယ်။ ပဲနူးပြီဆိုတဲ့ခါကြမှ ဇကာနဲ့စစ်ပြီး သုံးညတိတိ အပုတ်ခံထားရပါတယ်။ အဲ့တာပြီးတော့မှ ဆား၊ အချိုမုန့်၊ ငရုတ်နဲ့ ဂျင်းတို့ထည့်ပြီးမှ ကြိတ်မွှေကာ အချပ်လေးတွေလုပ်ပြီး အခြောက်ခံဖို့အတွက် နေလှန်းရပါတယ်။ ခြောက်သွားပြီ ဆိုတဲ့ခါကြမှ (၂၅)ကျပ်သားထုပ်၊ (၅၀)ကျပ်သားထုပ်နဲ့ တစ်ပိဿာထုပ်စတဲ့ အိတ်အရွယ်စားအမျိုးမျိုးတို့ကို ထုပ်ပိုးပြီးမှ လက်လီ လက်ကားများဖြင့် ရောင်ချပေးကြောင်း” ပဲပုတ်ခြောက်လုပ်ကိုင်သူ ဒေါ်မြတင်က ပြောပြသည်။
ထိုသို့ ပဲပုတ်ခြောက်များ ရောင်းချရာတွင် ပဲပုတ်ခြောက်ရိုးရိုး တစ်ပိဿာလျှင် ငွေကျပ် (၆၀၀၀)နှုန်းဖြင့် လည်းကောင်း၊ ပဲပုတ်ခြောက် ရှယ် တစ်ပိဿာလျှင် ငွေကျပ် (၉၀၀၀)နှုန်း ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပြီး အဆိုပါ ပဲပုတ်ခြောက်များကို မြို့ပေါ်ရပ်ကွက် များရှိ စျေးဆိုင်များသာမက အခြားသောမြို့နယ်များနှင့် ပြည်ပနိုင်ငံများထိ တင်ပို့ရောင်းချရကြောင်း သိရသည်။
ဇွဲသူရအောင်