မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sputnik light) (ရုရှား) ကာကွယ်ဆေးထိုးနှံပေး

မင်္ဂလာဒုံ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်ရှိ မဟာသစ္စာကာရီ ဘုန်းတော်ကြီးကျောင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား (Sputnik light) (ရုရှား) ကာကွယ်ဆေး ကိုစတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များမှ အပ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်ကြိမ်သာ ထိုးနှံပေးရမည့် ကာကွယ်ဆေးဖြစ်သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေး ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်(၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၄၂၅)ဦးရှိကြောင်း သိရသည်။ အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sputnik light (ရုရှား)ကာကွယ်ဆေးကို ရပ်ကွက်၊ ကျေးရွာများအလိုက် နေ့စဉ် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန္တာ(ပြန်/ဆက်)