မန္တလေးခရိုင် Community Centre တွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မန္တလေး  ဇန်နဝါရီ ၂၅

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက (မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော ဆေးရောင်ခြယ်ပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကလေးသူငယ်များ အနုပညာရပ်တွင် စိတ်ပါဝင်စားပြီး အရောင်စုံများကို မှန်ကန်စွာအသုံးချတတ်စေရန်၊ ပန်းချီအခြေခံပညာရပ်ကို လေ့လာလိုက်စားပြီး အနုပညာချစ်စိတ်မွေးမြူတတ်စေရန်၊ ကလေးစာဖတ်ခန်းတွင် မိမိတို့နှစ်သက်ရာ စာပေဖတ်ရှုရုံသာမက စိတ်ကြိုက်ပန်းချီရေးဆွဲခြင်း၊ ကစားခြင်း၊ ပုံပြောခြင်းများဖြင့် စာကြည့်တိုက်တွင်ပျော်မွေ့စေရန် စသည့် ရည်ရွယ်ချက်များဖြင့်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့သည်။

အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲသို့  အမက(မူလွန်)-၂၀ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မန္တလေး(ခရိုင် ပြန်/ဆက်)