မိုးနဲမြို့နယ် မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သောလမ်းရှိ တံတားတည်ဆောက်မှုအား ကြည့်ရှုစစ်ဆေး

မိုးနဲ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သော လမ်းပေါ်ရှိ အရှည်ပေ ၄၀ရှိ သံကူကွန်ကရစ် တံတားတစ်စင်းကို လင်းခေးခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၉၃ ဒသမ ၆၅၁ သန်းဖြင့် ဆုပြည့်စံဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တံတားတည်ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုရာ ဆုပြည့်စံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာက တံတားတည်ဆောက်နေမှု အခြေအနေများကို ရှင်လင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သော တံတားမှာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည်ပေ ၄၀ ၊အနံ ၁၇ ပေတွင် လူသွားလမ်း တစ်ဖက်တစ်ပေခွဲစီ ပါရှိမည်ဖြစ်ပြီး တံတားပြီးစီးသွားပါက မိုက်ဟိုင်းကျေးရွာအုပ်စုရှိ ကျေးရွာများ၊ နောင်မြိုင်းကျေးရွာအုပ်စုရှိ ကျေးရွာများ၏ ကုန်စည်စီးဆင်းမှု၊ လမ်းပန်းဆက်‌သွယ်ရေးများ ရာသီမရွေး အဆင်ပြေမြန်ဆန် ချောမွေ့စွာသွားလာနိုင်မည့် တံတားတစ်စင်း ဖြစ်ကြောင်းသိရှိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)