အမ်း ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယမန်နေ့ နနက် ၉ နာရီအချိန်က လုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းက ဒေသတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုတက်ရေး လုပ်ငန်းများနှင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များအား စနစ်တကျဆောင်ရွက်သွားရန်၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေး၊ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်နိုင်ရန်အတွက် ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်များတွင် ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း