မူဆယ် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးပေါ်ကျေးရွာအုပ်စုအတွင်း မြန်မာ နိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ဆောင်ရွက် လျက်ရှိသော ပန်းခင်းစီမံချက်အား မိမိတို့ဒေသအတွင်း လာရောက်ဆောင်ရွက်ပေးနိုင်ရေး ကြိုတင် ညှိနှိုင်းအစည်းအဝေးကို မုံးပေါ်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးခန်းမအတွင် ယနေ့ နေ့လယ် (၁၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုံးပေါ်ပြည်သူ့ စစ်အဖွဲ့ခေါင်းဆောင် ဦးအောင်ဂျာက မိမိတို့ဒေသတွင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ယခုနေရပ်တွင် အမြဲတမ်းနေ ထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ခရိုင်နှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်အသွင်ဖြင့် နယ်လှည့်ဆောင်ရွက်ပေးနေချိန်တွင် မိမိတို့ဒေသအတွက် လုပ်ဆောင်ပေးလျှင် မိမိတို့အနေဖြင့် ဝမ်းမြောက်စွာ လက်ခံရမှာဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်များ လာရောက်ဆောင်ရွက်ချိန်တွင် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနှင့် လမ်းပန်းအဆင်ပြေချောမွေ့စေရေးတို့ကို ကူညီဆောင် ရွက်ပေးစေချင်ကြောင်း၊ မိမိတို့ မုံးပေါ်ပြည်သူ့စစ်အဖွဲ့မှလည်း ပူးပေါင်းကူညီဆောင်ရွက်မည်ဖြစ် ပါသဖြင့် သင်းအုပ်ဆရာတော်များမှလည်း ဒေသနေပြည်သူများကို ကူညီဆောင်ရွက်နိုင်ရေး ပြောကြားပေးစေလိုပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော သူများက ပန်းခင်းစီမံချက် လာရောက်ဆောင်ရွက်ပါက မိမိတို့ ဒေသရှိ တိုင်းရင်းသားများ ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိနိုင်ရေးနှင့် ရှေ့ပြေးစာရင်းများ ကောက်ယူရာတွင် မိမိတို့အနေဖြင့် ပူးပေါင်း ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)