မူဆယ် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ နိုင်ငံသားကတ်ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်လာရောက်ဆောင်ရွက်ပါ လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ရှေ့ပြေးစာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်နိုင်ရေး ရှေ့ပြေးစာရင်းကောက်ယူခြင်းလုပ်ငန်းကို နမ့်တောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရပ်မိရပ်ဖများ၊ စေတနာရှင်လုပ် အားပေး လူငယ်များဖြင့် မိမိတို့ဒေသတွင် နေထိုင်ပြီး အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများကို ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လာရောက်လုပ်ကိုင်ဆောင်ရွက်ပေးချိန်တွင် လျင်မြန်ချောမွေ့စွာ နေ့ချင်းပြီးဆောင်ရွက်နိုင်ရေး အတွက် ရှေ့ပြေးစာရင်းများကို ကောက်ယူရခြင်းဖြစ်ကြောင်းကို မုံးပေါ်ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူ ဦးအောင်ဂျာ ထံကသိရသည်။
ဆက်လက်ပြီး နမ့်တောင်းဒေသရှိ ကျေးရွာအုပ်စု(၇)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ အား မုံးပေါ်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဦးအောင်ဂျာက မိမိတို့ဒေသအတွင်း နိုင်ငံသားကတ်ပြား လက်ဝယ်မရှိသဖြင့် မြန်မာနိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်နိုင်ခြင်းမရှိသည့်အပြင် တရုတ် နိုင်ငံသို့ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများလည်း ဆုံးရှုံးရခြင်း၊ အိမ်ထောင်စု စာရင်းများတွင်လည်း မိသားစုဝင်နောက်ထပ်တိုးမည့်သူများကို စာရင်းမထည့်နိုင်ခြင်း၊ စာရင်း မထည့်နိုင်သည့်အတွက် အဆိုပါကလေးငယ်များ၏ နိုင်ငံသားကတ်ပြားများမရရှိသလို အခွင့်အရေး များကိုလည်း လက်လွှတ်ဆုံးရှုံးလျက်ရှိခြင်းစသည့် အကြောင်းရင်းများ ဖြစ်ပေါ်နေသဖြင့် မိမိတို့ ဒေသရှိ ဒေသခံပြည်သူများကို အိမ်ထောင်စုစာရင်းအမှန်ဖြစ်စေရေးနှင့် နိုင်ငံသားကတ်ပြားများ လက်ဝယ်ရရှိစေရေးတို့အတွက် မိမိအနေဖြင့် ယခုလိုဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း ပြောကြား လာသည်ကိုလည်း သိရသည်။
ချယ်ရီမြေ(မူဆယ်)