မော်လမြိုင် ဇန်နဝါရီ ၂၅
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မွန်ပြည်နယ် ဘောလုံး အသင်းအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မရမ်းကုန်းရပ်၊ ငွေမိုးဟိုတယ် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းက မွန်ပြည်နယ်မှ အမျိုးသမီးဘောလုံးအသင်းအား ပြည်သူလူထုကိုယ်စား လှိုက်လှိုက် လှဲလှဲ ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဘောလုံးအသင်းအလိုက် အောင်မြင်မှုရရှိခြင်းသည် အချင်းချင်းစည်းလုံးညီညွှတ်မှု ပင်အဓိကကျကြောင်း၊ မွန်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် လက်ရွေးစင် အားကစားသမားများ မွေးထုတ်ပေးသည့် ပြည်နယ်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်း ပေါင်းစုံမှအစပြု၍ ရပ်ကွက်/ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားကောင်းများစွာ မွေးထုတ်ပေးစေ လိုကြောင်း အမှာစကား ပြောကြားသည်။
ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရန် မွန်ပြည်နယ်မှ ထူးချွန်အမျိုးသမီး ဘောလုံးအားကစားသမားများ ရွေးချယ်ကာ နေပြည်တော်သို့ စေလွှတ်ပေး ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ (၄)ဂိုး၊ (၂)ဂိုးဖြင့် တတိယဆုကို ထိုက်တန်စွာရရှိခဲ့သည့် အမျိုးသမီး ဘောလုံးအသင်းအား ပြည်နယ်ဝန်ကြီးချုပ်က ထပ်ဆင့်ဂုဏ်ပြုဆုငွေကျပ်သိန်း ၃၀ ချီးမြှင့်ပေးသည်။ ထို့နောက် အမျိုးသမီးဘောလုံး အသင်းအဖွဲ့ခေါင်းဆောင် တာဝန်ရှိသူတစ်ဦးက ဆုချီးမြှင့်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မွန်ပြည်နယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော် အတွက် ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန်၊ ပြည်နယ်အစိုးရအဖွဲ့မှ လည်း ပြည်နယ်ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်ပေးခြင်းနှင့် ပြည်နယ်တွင်း၌ အားကစားကွင်းနှင့် အားကစားဥယျာဉ် များ တည်ဆောက်ပေးကာလူငယ်နှင့် အားကစားကဏ္ဍကို အထူးအလေးပေးပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)