တောင်ကြီး ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲကို ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီးဦးအောင်မြင့်က တက်ရောက်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်းရှိ ဒေသများ တွင် မြန်မာ့သိုင်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ နိုင်ငံ့ဂုဏ်ဆောင် လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှု ရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်လာစေရန်၊ မြန်မာတိုင်းသိုင်းတတ်ရမည်ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားလာပြီး လူငယ်တိုင်းပါဝင်လှုပ်ရှားလာစေရန် ရည်ရွယ်ချက်များဖြင့် သိုင်းပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ယခုပြိုင်ပွဲမှ လက်ရွေးစင်အားကစားသမားများကို ရွေးချယ်ပြီး နေပြည်တော်၌ ဖေဖေါ်ဝါရီလတွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်မှ ပြိုင်ပွဲဝင် အားကစားသမားများက အမျိုးသား၊ အမျိုးသမီး ကီလိုတန်းအလိုက် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓါးသိုင်းအတိုက် ( ဓါးတစ်လက် ၊ ဓါးနှစ် လက်)ပြိုင်ပွဲ၊ တစ်ကိုယ်တော် ပညာစဉ်ပြပြိုင်ပွဲ၊ အသင်းလိုက်စွမ်းရည်ပြ အတွဲအတိုက်ပြိုင်ပွဲ၊ လက်နက်မဲ့၊ တုတ်ရှည်၊ ဓါးရှည်၊ ဓားမြှောင်ဗန်တို ၊ အချုပ်အဖြေကစားနည်းများကို ပြိုင်ပွဲ နည်းစနစ်များအတိုင်း ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဆုများ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးကျော်ကျော်သိန်း၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း(တောင်ကြီး)မှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)