စဉ့်ကိုင် ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက် (၁၈) နှစ်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် (ပထမကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) က ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကာကွယ်ဆေးဆက်လက် ထိုးနှံ ပေးလျက် ရှိသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန် နှင့်ကူးစက် ပြန့်ပွားမှု မဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်း စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ပရဟိတအဖွဲ့ ၀င်များနှင့်ပူးပေါင်းပြီး ပြည်သူများသိရှိ လိုက်နာစေရန်၊ အသံချဲ့စက်များ၊ HandSpaker များဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း ရပ်ကွက်/ကျေးရွာများ အတွင်းဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အသက်(၁၈)နှစ်အထက် ပြည်သူများကို ဇန်နဝါရီလ (၂၄) ရက်နေ့ထိ ဆဋ္ဌမအသုတ် (ပထမ) အကြိမ် (၃၆၃) ဦး ထိုးနှံပေးလျက်ရှိရာ ကျန်ရှိသူများကိုလည်း သတ်မှတ်ဦးစားပေး အလိုက် နေ့စဉ်ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ညိုညိုဝင်း(စဉ့်ကိုင်)