ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်(၃)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ဒဂုံ ဇန်နဝါရီ ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVIDSHIELD) ကာကွယ်ဆေးထိုးနှံသူ ရပ်ကွက်(၃)ရပ်ကွက်မှ ကျား(၄၄)ဦးနှင့် မ(၅၅)ဦး စုစုပေါင်း(၉၉)ဦး အားထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ ကာကွယ်ဆေးထိုးနှံရာ နေရာတွင် မလိုလားအပ်သော ပြဿနာ တစ်စုံတစ်ရာမရှိစေရေး အတွက် ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ် ၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)